International News

စင်ကာပူစားသုံးသူများအသင်းက စက်သုံးဆီလက်လီဈေးနှုန်းများကို နှိုင်းယှဉ်တွက်ချက်နိုင်သော “Fuel Kaki” Website ကို စတင်မိတ်ဆက်

Last Updated:

         စင်ကာပူနိုင်ငံရှိ စက်သုံးဆီအရောင်းဆိုင်များ၏ လက်လီဈေးနှုန်းများနှင့် အရောင်းမြှင့်တင်ရေး အစီအစဉ်များအရ ဝယ်ယူသုံးစွဲသူများက အမှန်တကယ် ကျခံပေးချေရသော ဈေးနှုန်းများကို တစ်နေရာတည်းတွင် နှိုင်းယှဉ်တွက်ချက်နိုင်သည့် ဝက်ဆိုက်ကို စင်ကာပူစားသုံးသူများအသင်း (Consumers Association of Singapore) က စင်ကာပူစီးပွားရေးလုပ်ငန်းယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (Competition and Consumer Commission of Singapore) ၏ ပံ့ပိုးကူညီမှုဖြင့် ၁၃.၁.၂၀၂၀ ရက်နေ့ တွင် စတင်ထူထောင်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

         ဝက်ဆိုက်အမည်မှာ Fuel Kaki (https://fuelkaki.sg/) ဖြစ်ပါသည်။ စက်သုံးဆီလက်လီ ဈေးနှုန်းများကို လေ့လာကြည့်ရှုနိုင်သော အလားတူဝက်ဆိုက်များရှိသော်လည်း Fuel Kaki မှာ သုံးစွဲသူများက အမှန်ကျခံပေးချေရမည့် ဈေးနှုန်းများကိုပါ နှိုင်းယှဉ်တွက်ချက်နိုင်သော ပထမဦးဆုံး ဝက်ဆိုက်ဖြစ်ပါသည်။

       ပုံမှန်အားဖြင့် စက်သုံးဆီအရောင်းဆိုင်များသည် ၎င်းတို့၏ လက်လီဈေးနှုန်းများကို ဝယ်ယူ သုံးစွဲသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ ကြေညာဖော်ပြလေ့ရှိသော်လည်း ဘဏ်ကတ် သို့မဟုတ် ဆီဆိုင်များ၏ ဆီဖြည့်ကတ် စသည်တို့ကို အသုံးပြု၍ ဝယ်ယူသုံးစွဲခြင်းအားဖြင့် ခံစားခွင့်ရှိသော အရောင်းမြှင့်တင်ရေးအစီအစဉ်များအရ ဝယ်ယူသူများက နောက်ဆုံးပေးချေရသည့် ဈေးနှုန်းများမှာ ကွဲပြားမှုရှိကြောင်း၊ အမှန်တကယ်ပေးချေရသည့် ဈေးနှုန်းများကို သိရှိနိုင်သော ဝက်ဆိုက် သို့မဟုတ် ဖုန်းအပလီကေးရှင်း တစ်ခုခုဖြင့် သတင်းအချက်အလက် စုစည်းဖော်ပြပေးနိုင်ပါက သုံးစွဲသူများ အတွက် အကျိုးရှိနိုင်ကြောင်းကို စင်ကာပူစီးပွားရေးလုပ်ငန်းယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် ကလည်း အကြံပြုထားကြောင်း၊ Fuel Kaki ဝက်ဆိုက်၏ အသုံးဝင်မှုအပေါ် သုံးစွဲသူများ၏ အကြံပြုချက်များကို ပြည်လည်စုစည်း၍ ဉပမာအားဖြင့် စက်သုံးဆီဈေးနှုန်းပြောင်းလဲမှုများနှင့် ဈေးနှုန်းအနည်းဆုံးဝယ်ယူနိုင်မည့် အခြေအနေတို့ကို အသိပေးခြင်းစသည့် အစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်သွားရန် စဉ်းစားလျက်ရှိကြောင်း၊ လူတွေ့မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် ယခင်က သုံးစွဲသူအများစုသည် သတင်းအချက်အလက် အပြည့်အစုံ မရရှိသော ကြောင့် အဆင်ပြေမှုနှင့် အလေ့အထအရ စက်သုံးဆီများကို ဝယ်ယူသုံးစွဲကြပြီး Fuel Kaki ဝက်ဆိုက်အသုံးပြု၍ နှိုင်းယှဉ် ကြည့်သည့်အခါမှ အမှန်ကျခံပေးချေသည့် ဈေးနှုန်းများမှာ တစ်ဆိုင်နှင့်တစ်ဆိုင် မတူညီခြင်းကို အံ့ဩစွာ သိရှိခဲ့ကြကြောင်း စင်ကာပူစားသုံးသူများအသင်းက ပြောကြားပါသည်။

          စင်ကာပူစားသုံးသူများအသင်းသည် စက်သုံးဆီ ဝယ်ယူအသုံးပြုသူများအတွက် အကျိုးကျေးဇူးရှိစေရန် စင်ကာပူတွင် နောက်ဆုံးဖြစ်ပေါ်နေသော စက်သုံးဆီလက်လီလက်ကား ဈေးနှုန်းများနှင့် အရာင်းမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များအရ ဈေးနှုန်းများကို Fuel Kaki ဝက်ဆိုက်တွင် အချိန်မီ ကြိုးစားတင်ပြပေးသွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

 

သတင်းရင်းမြစ် ။     ။ The Straits Times

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

 

Category: International News